ဆဲလ်ဖုန်းက
ဆဲလ်ဖုန်းလို မနေတာ ကြာလှပြီ။ နှစ်ပေါင်းများစွာပင် ဆဲလ်ဖုန်းက ဆဲလ်ဖုန်း
တစ်လုံးထက် ပို၍ အစွမ်းတွေ ထက်ကာ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တာတွေ များနေသည်။
ယခုလည်း နေရာသစ်တစ်ခုကို ဝင်ကာ မဏ္ဍပ်တိုင် တက်ပြဦးမည်။ ၎င်းမှာ ဝေါ့လစ် wallet ဆိုသော
ခေါက်ချိုး ပိုက်ဆံအိတ်ကလေး လိုသူက ဆောင်ရွက်ခြင်း ဖြစ်သည်။ ပြောရလျှင် ခေါက်ချိုး
ပိုက်ဆံအိတ် ကလေးထဲသို့ ထိုးသိပ်ထည့်ထား တတ်ကြသော ကရက်ဒစ်ကတ် credit card
(အကြွေးကတ်) နှင့် ဒဲဘစ်ကတ် debit card (ငွေထုတ်ကတ်) ကလေးများ၏ နေရာကို အစားထိုး
ဝင်ရောက်လာခြင်း ဖြစ်သည်။
ဆူပါမားကတ်
ငွေချေ ကောင်တာကဲ့သို့ နေရာမျိုးတွင် ပလတ်စတစ်ကတ် တစ်ခု စက်ထဲသို့ ပြကာ၊
ဖြတ်သန်းကြရသည်။ ထိုနေရာတွင် အသုံးပြုသူများက သူတို့ဖုန်းကို တစ်ချက်
ဝေ့ရမ်းလိုက်ရုံနှင့် ပလတ်စတစ် ကတ်ကဲ့သို့ ဆောင်ရွက် ပေးနိုင်သည်။ အခက်အခဲတော့
မဆိုစလောက် တွေ့ရသည်။ ဤနည်းပညာက ဖုန်းသန်းပေါင်း များစွာတွင် ထည့်သွင်း
အသုံးပြုနေပြီ ဖြစ်သော်လည်း ကုမ္ပဏီကြီးများ အကြားအတွင်း ကြိတ်ကြိတ်၍ ဖြစ်ပွားနေသော
တိုက်ပွဲကြောင့် မိုဘိုင်းဝေါ့လစ် mobile wallet ပိုက်ဆံအိတ် နည်းပညာ ကျင့်သုံးမှုက
(အမေရိကန် ပြည်ထောင်စု) တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာဘဲ လေးဖင့်နေသည်။
မိုဘိုင်းဖုန်း
ဝန်ဆောင်သူ ကုမ္ပဏီများ၊ ဘဏ်များ၊ ကရက်ဒစ်ကတ် ထုတ်ပေးသူ ကုမ္ပဏီများ၊ ငွေပေးချေမှု
ကွန်ရက်များနှင့် နည်းပညာ ကုမ္ပဏီများက ဤမိုဘိုင်းဝေါ့လစ် ပိုက်ဆံအိတ်များကို
လွှမ်းမိုးဖို့ အစိုင်းပြင်းကြီး စိုင်းပြင်းနေကြသည်။ သို့သော် အရေးကြီးသည်က
တစ်ယောက်ချင်းစီက မည်သည့်ကဏ္ဍတွင် တာဝန်ယူမည်။ မည်မျှ ငွေကြေး မျှဝေခံစားမည်ဆိုတာ
ခွဲခွဲခြားခြားဖြစ်ရန် လိုအပ်နေခြင်း ဖြစ်သည်။အသုံးပြုသူများက စက်သို့
ကတ်တစ်ခါဖြတ်လျှင် ရရှိသော အခကြေးငွေက မဖြစ်လောက်ပါဘူး ဆိုသော်လည်း ထိုကတ်ဖြတ်ခက
အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာပင် ဒေါ်လာဘီလျံ (၁၀) ဂဏန်းအထိ ရှိသည်။
ထို့ကြောင့် မက်လောက်စရာ ဖြစ်သည်။
“အဲဒါက
ဘယ်သူ ဝင်ငွေရမယ်ဆိုတဲ့ ကိစ္စပဲ။ Apple နှင့် Google တို့ကို ပြိုင်နေတဲ့
ဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ ပြိုင်နေတဲ့ ဘဏ်တွေလည်း ရှိမှာပဲ။ တစ်ယောက်ယောက်က
ဖြေရှင်း မပေးနိုင်သရွှေ့ ဒီဇာတ်လမ်းက သံသရာ ရှည်နေမှာပဲ”ဟု မိုဘိုင်း ငွေချေးရေး
ဆော့ဖ်ဝဲ ပြုလုပ်သူ ကုမ္ပဏီတစ်ခုက ပြောသည်။ ကာလကြာရှည်စွာ
ဆောင်ရွက်လာကြသူများကိုလည်း ထိုကဏ္ဍတွင် တွေ့ရသည်။ Visa နှင့် Master Card
တို့ကဲ့သို့ ငွေပေးချေရေး ကွန်ရက်များနှင့် ဖောက်သည်များသို့ ကရက်ဒစ်ကတ်များ
ထုတ်ပေးထားသော ဘဏ်များက ထိုကဏ္ဍ၏ အဓိက လုပ်ငန်းရှင်များ အဖြစ်
ဆက်လက်ရပ်တည်နေလိုပြီး၊ ကုန်သည်များထံမှ သူတို့အတွက် အခကြေးငွေများကို ဆက်လက်
ကောက်ခံလိုကြသည်။ သူတို့က မဆီမဆိုင် ဝင်ရောက်လာသူများ အဖြစ် ရှုမြင်ထားသော
ကုမ္ပဏီများနှင့်မှ သူတို့က ယှဉ်ပြိုင်နေရသည်။
ထိုကုမ္ပဏီများတွင်
Paypal နှင့် Google တို့ ပါဝင်သည်။ Paypal နှင့် Google တို့က ငွေပေးချေမှု
ပုံစံသစ်တွင် ဝင်ရောက်ပါဝင်ချင်သည်။ မိုဘိုင်း ဝန်ဆောင်မှု ကုမ္ပဏီများနှင့် Apple
တို့ကလည်း ဖုန်းများ ထိန်းချုပ်မှုမှ အခကြေးငွေ ရယူချင်သည်။ ထိုအလယ်တွင် ညပ်နေသည်။
သို့သော် တကယ့်သော့ချက်ကိုမှ ကိုင်ထားသူများက လက်လီ အရောင်းကုမ္ပဏီများပင်။ သူတို့က
မိုဘိုင်းငွေပေးချေမှုကို လက်ခံသော ဌာနများကို တည်ထောင်ကြရမည်။ အသုံးပြုသူ
ဘက်တော်သားများက မိုဘိုင်းစနစ်များ၊ အခကြေးငွေများ တိုး၍ ကောက်ယူမှာ
စိုးရိမ်နေကြပြီး၊ အသုံးပြုသူများဘက်ကရော ထိုစနစ်သစ်မျိုး လိုအပ်ခြင်း ရှိမရှိ
မေးခွန်း ထုတ်ကြသည်။
“လူတွေက
ဘာအတွက် ကောက်လို့ကောက်မှန်း အမြဲတမ်း မသိနိုင်တဲ့ ငွေပေးချေမှုကို လုပ်နေကြရတာလေ။
အဲဒီလို စိတ်တိုင်း မကျမှုတွေ မပါတဲ့ သိပ်အဆင်ပြေလွန်းတဲ့ စနစ်ကို ဖန်တီးဖို့
ဖြစ်နိုင်ပါ့မလား” ဟု လေ့လာသူတစ်ဦးက ပြောသည်။ မည်သို့ဖြစ်စေ ကရက်ဒစ်ကတ်နှင့်
နည်းပညာ ကုမ္ပဏီများက မိုဘိုင်း ပိုက်ဆံအိတ်အကြောင်း ဆွေးနွေးလာကြတာ ဆယ်စုနှစ်တစ်ခု
မကရှိခဲ့ပြီ။ သို့သော် နောက်ဆုံးတော့ လမ်းပွင့်သွားပြီဟု ဆိုနိုင်၏။ “ဟန်းဆက်
ထုတ်လုပ်သူ ကုမ္ပဏီများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများရဲ့ ကတိကဝတ်များကို
ရထားပြီ။ အရင်ကထက် အများကြီး အခြေအနေကောင်းလာပြီဟု ပြောလို့ရတယ်။ ပြဿနာက
ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများနှင့် ကွန်ရက်နှင့် ဘဏ်တွေဟာ နေရာတိုင်းမှာ
အဆင်ပြေကြမလား ဆိုတာပဲ” ဟု လေ့လာသူတစ်ဦးက ပြောသည်။
ယခုအခါ
Visa နှင့် Master Card တို့က ကရက်ဒစ်ကတ် ငွေပေးချေမှုနှင့် ငွေထုတ်ယူမှုတို့ကို
ချုပ်ကိုင်ထားသည်။ ကရက်ဒစ်ကတ် ငွေပေးချေမှုနှင့် ငွေထုတ်မှုတို့ကို ဘဏ်များနှင့်
လက်လီကုမ္ပဏီများအကြား ဆောင်ရွက်ကြခြင်းဖြစ်သည်။ လက်လီကုမ္ပဏီများက ကတ်ထုတ်ပေးရာ
ကုမ္ပဏီများအား ငွေပေးချေမှု ပြုလုပ်တိုင်း ရာခိုင်နှုန်း ခံစားခွင့်ပေးထားသည်။ Visa
ကဲ့သို့ ငွေပေးချေမှု ကွန်ရက်သို့လည်း အခကြေးငွေ အနည်းငယ် ပေးဆောင်ရသည်။
အသုံးပြုသူတစ်ဦးက တစ်ဒေါ်လာ သုံးစွဲတိုင်း လက်လီကုမ္ပဏီက (၉၇) ဆင့် ရသည်။
ကတ်ထုတ်ပေးရာ ကုမ္ပဏီက ၂ ဆင့် ရရှိပြီး ကျန် ၂ ဆင့်က ငွေပေးချေမှု ပြုလုပ်ရာ
ကုန်သည်၏ ဘဏ်နှင့် ငွေပေးချေမှု ကွန်ရက်တို့က ရရှိသည်။ ပါဝင်ဆောင်ရွက်သူများက
မိုဘိုင်း ငွေပေးချေမှုတွင် ငွေကြေးကို မည်သို့ ခံစားရရှိမည်။ အသုံးပြုသူများက
ကျခံရမှာလား။ မရှင်းလင်းပေ။
မိုဘိုင်းဝန်ဆောင်မှု
ကုမ္ပဏီများက ငှားရမ်းခကဲ့သို့ တစ်စုံတစ်ခုသော အခကြေးငွေကို တောင်းခံလာနိုင်သလို၊
ငွေပေးချေမှု အချက်အလက်များ ဖုန်းတွင်းရှိ ချစ်ဖ်ပြားထဲတွင် ထည့်သွင်းထားရေးအတွက်
သဘောတူညီချက် ပြုလုပ်တာမျိုး ရှိလာနိုင်သည်။ ဖုန်းကို အခြား နည်းပညာများနှင့်
ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်ပေးသော နည်းပညာများ ရှိသည်။ ထိုအထဲမှ တစ်ခုသော
နည်းပညာကို near-field communication NFC ဟု ခေါ်သည်။ သို့သော်လည်း
ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီများ၏ ဆွေးနွေးမှုများက အရာမထင်သေးပေ။
ငွေရေးကြေးရေး စည်းကမ်းချက်များနှင့် ပတ်သက်၍ သဘောတူညီမှု မရရှိနိုင်သေးသောကြောင့်
ဖြစ်သည်။
ဘဏ်များနှင့်
အဆင်မပြေသည့် အချက်က သူတို့၏ ကိုယ်ပိုင်မိုဘိုင်း ပိုက်ဆံအိတ်များ ဖန်တီးရန်
Verizon, AT&T, T-Mobile နှင့် Discover တို့၏ ဖက်စပ်ပြုလုပ်မှုကို နောက်ကွယ်မှ
အားပေးနေသလို ဖြစ်နေသည်။ ထိုဖက်စပ် ကုမ္ပဏီကို Isis ဟု ခေါ်သည်။ ၎င်းကို နောင်နှစ်
(၂၀၁၂ ခုနှစ်) တွင် မိတ်ဆက်နိုင်မည်။ ဗြိတိန်နိုင်ငံ နာမည်ကြီး ကုမ္ပဏီ ဖြစ်သည့်
Barclaycard က (ထိုဖက်စပ် ကုမ္ပဏီ အတွက်) ဖုန်းကရက်ဒစ်ကတ်များ ပထမဆုံးထုတ်ပေးသူ
ဖြစ်လာမည်။ အမေရိကန် ပြည်ထောင်စုတွင် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်သွားမည်။ အမေရိကန်
ပြည်ထောင်စုတွင် ဝန်ဆောင်မှုကုမ္ပဏီများ၏ ဖောက်သည် သန်း (၂၀၀၀) ခန့် ရှိသည်။
ထို့ကြောင့် “အဲဒီလို ကြီးမားတဲ့ ဖောက်သည်အုပ်စုကြီးကို အခြေခံထားပြီး
အလုပ်လုပ်ရမယ်ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့အတွက် အားရစရာကြီးပေါ့” ဟု Barclaycard
US က ပြောသည်။ လောလောဆယ်တွင် ဘဏ်များနှင့် ကရက်ဒစ်ကတ် ထုတ်ပေးသူ ကုမ္ပဏီများက
ဆဲလ်ဖုန်း ဝန်ဆောင်မှုပေးသူ ကုမ္ပဏီများနှင့် ပူးတွဲ အလုပ်လုပ်စရာ မလိုသော
နည်းလမ်းတစ်ခု တွေ့ထားသည်။
Bank
of America, Wells Fargo, US Bancorp နှင့် JP Morgan Chase ဘဏ်များက Visa နှင့်
တွဲဖက် ဆောင်ရွက်နေသည်။ သူတို့က သူတို့၏ ကိုယ်ပိုင် ကရက်ဒစ်နှင့် ဒဲဘစ်ကတ်များ
သုံးစွဲနိုင်သည့် မိုဘိုင်း ပိုက်ဆံအိတ်များကို စမ်းသပ်လျက် ရှိကြသည်။
အသုံးပြုသူများက ဖုန်းအပေါက်ထဲသို့ ထည့်ရသော ချစ်ပ်ပြားများကို သုံးစွဲထားသည်။
ထို့ကြောင့် မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှု ရှိရန် မလိုပေ။
အချို့သော ဘဏ်များက ယခုနှစ် (၂၀၁၁ ခုနှစ်) ဒုတိယနှစ်ဝက်တွင် မိုဘိုင်း
ငွေပေးချေမှုစနစ်ကို စတင်ဆောင်ရွက်နိုင်မည်။ သို့သော် ချစ်ဖ်ပြားပါဝင်သော
ဖုန်းမျိုးစုံကို ဝယ်ယူရရှိနိုင်ပြီ ဖြစ်သဖြင့် ထို (ငွေပေးချေမှုစနစ်) အမျိုးအစားက
ထိုအချိန်တွင် ခေတ်ကုန် နေမလား မသိပေ။ ပိုက်ဆံအိတ်အားလုံးနှင့် သဟဇာတဖြစ်မယ့်
ကွန်ရက်ဖြစ်လာဖို့ ဆောင်ရွက်နေကြောင်း Visa က ပြောသည်။
(လုံခြုံရေး
ကိစ္စအတွက်မူ မိုဘိုင်း ပိုက်ဆံအိတ်များတွင် သင်္ကေတ စကားဝှက်ထားရန် လိုသည်။ အကယ်၍
ဖုန်းကို အခိုးခံရပါက ဖုန်းကို အဝေးထိန်းဖြင့် ပိတ်၍ရသည်။ အသုံးပြုသူများက
သူတို့ဆောင်ရွက်ခြင်းမရှိသော ငွေပေးချေမှုတွင် တာဝန်မရှိပေ)Apple နှင့် Google
တို့တွင် ငွေပေးချေရေးစနစ်များ ကိုယ်စီရှိပြီး ဖြစ်သည်။ Apple ၏ iTunes တွင်
ကရက်ဒစ်ကတ်နှင့် ချိတ်ဆက်ထားသော အကောင့်ပေါင်း သန်း (၂၀၀) ရှိသည်။ Google
Checkout ကတော့ ထိုမျှလောက် လူကြိုက်မများပေ။ (Apple iTunes နှင့် Google
Checkout) နှစ်ခုစလုံးက မိုဘိုင်း ပိုက်ဆံအိတ်အဖြစ်သို့ ပြောင်းလဲနိုင်သည်။
အသုံးပြုသူများက Apple နှင့် Google အကောင့်များဖြင့် အွန်လိုင်းဝယ်ယူခြင်း
မဟုတ်သော အော့ဖ်လိုင်းဝယ်ယူခြင်းများကို ငွေပေးချေနိုင်သည်။ သို့သော် သူတို့က
ဆဲလ်ဖုန်း ချစ်ဖ်ပြားများနှင့် ကုန်သည်များ၏ ကွန်ပျူတာများကို သုံးစွဲခွင့်ရယူရန်
လိုသည်။ Apple ကတော့ ၎င်း၏ ကိုယ်ပိုင် ဆဲလ်ဖုန်းဆော့ဖ်ဝဲကို အသုံးပြုကာ ထိုကိစ္စများ
အဆင်ပြေအောင် ဆောင်ရွက်နိုင်သည်။ Google ကမူ ထိုသို့ ဆောင်ရွက်နိုင်ခြင်း မရှိသေး။
အကြောင်းက Google က Android ဆဲလ်ဖုန်း ဆော့ဖ်ဝဲကို ထုတ်လုပ်နိုင်ပြီး ဖုန်းများကို
ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။
လက်လီ
အရောင်းကုမ္ပဏီများ ပါဝင်ဆောင်ရွက်လာခြင်းက မိုဘိုင်း ငွေပေးချေမှု ကျယ်ပြန့်စွာ
အသုံးပြုလာရေးတွင် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ကုန်သည်များက သူတို့၏
ကတ်အသုံးပြုစက်များကို အသစ်များနှင့် လဲလှယ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ၂၀၁၅
ခုနှစ်တွင် ကုန်သည် ၅ ဒသမ ၉ ရာခိုင်နှုန်းကသာ မိုဘိုင်းငွေ ပေးချေမှုကို လက်ခံမည်ဟု
ဆိုကြသော်လည်း၊ McDonald's နှင့် CVS အပါအဝင် လက်လီအရောင်းကုမ္ပဏီ အကြီးစားများက
ကတ်အသုံးပြု စက်များ ရှိပြီးသား ဖြစ်နေကာ၊ အသုံးပြုဖို့ အသင့်ဖြစ်နေကြောင်း တစ်ဖက်က
ပြောသည်။ အသုံးပြုသူများ၏ ငွေပေးချေမှု (၈၀) ရာခိုင်နှုန်းသည် အကြီးစားကုန်သည် (၂၀၀)
ထံတွင် ဆောင်ရွက်ကြခြင်း ဖြစ်သည်။
No comments:
Post a Comment